Sunday, June 4, 2017

ဖေဖေကပြောတယ်(ဖတ်ကြည့် တစ်ခုခုတော့ရမှာပါ)


ဖေဖေက ပြောတယ်၊

 “ ဖေကြီး… ဘာဖြစ်လို့ လူတွေတော်တော်များများ လူကူးမီးပွိုင့်ကို မစောင့်ဘဲ ကူးနေကြတာလဲဟင် ”

“ သူတို့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိလို့နေမှာပေါ့ သား ”

“ ဒါဆို သားလည်း ကျောင်းအမီသွားဖို့ အရေးကြီးတာပဲလေ.. သားတို့ကျတော့ ဘာဖြစ်လို့ မီးပွိုင့်စောင့်ပြီးမှ ကူးရတာလဲ”

“ ဖေကြီး သားကိုမေးမယ်၊ လူစည်းကမ်း၊ လမ်းစည်းကမ်းဆိုတာရှိတယ် မဟုတ်လား ”

“ ဟုတ်ကဲ့”

“ ကိုယ်မှန်တယ်ထင်တဲ့ကိစ္စကို ဘယ်တော့မှ သူများယောင်ယောင် လိုက်မယောင်ရဘူး၊

အဲဒါကို “ မိမိကိုယ်ကို လေးစားခြင်း” လို့ခေါ်တယ်။

ဖေဖေကပြောတယ် -

“ဖေကြီး နွေရာသီရောက်လာပြီလေ.. ဘာဖြစ်လို့သားတို့ အကျီင်္ အထူကြီးဝတ်ထားရတာလဲ”

“ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီက အခုမှ စ၀င်တာ၊ ဆောင်းရာသီက မကုန်သေးဘူး၊ မနက်ပိုင်းနဲ့ ညပိုင်းကျ အရမ်းအေးတာလေ”

“ ဒါဆိုဘာဖြစ်လို့ လူတော်တော်များများ နွေရာသီရောက်လာတာနဲ့ ဖက်ရှင်လန်းလန်းလေးတွေဝတ်ပြီး အတိုအပြတ်တွေဖြစ်ကုန်ရတာလဲ”

“ လူတိုင်းမှာ သူ့အကြောင်းနဲ့သူရှိတယ်၊ ဒါပေမယ့် ဖေကြီးတို့သိရမှာက ဘယ်အချိန်မှာ  ခန္ဓာကိုယ်နဲ့ ဘယ်အကျီင်္က သင့်တော်သလဲရွေးရမှာ၊ လိုက်ဖက်သလဲရွေးရမှာမဟုတ်ဘူး..

အဲဒါကို “မိမိကိုယ်ကို ချစ်ခြင်း” လို့ခေါ်တယ်၊

ဖေဖေကပြောတယ် -

“ ဖေကြီး၊ သားကြီးလာရင် အသုံးကျပါ့မလား ”

“ ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”

“ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာ သားက စာအတော်ဆုံးမှမဟုတ်တာ”

“  လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အဘက်ဘက်ကကြည့်ရတာ၊ ကျောင်းမှာ စာသင်တယ်ဆိုတာ ဗဟုသုတ အသစ်ဆည်းပူးတာပဲရှိတာ၊ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုပြီးမဟုတ်ဘူး၊ အတန်းရဲ့ အဆင့်က လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ဘာမှမဆိုင်ဘူး၊ သား လိမ်လိမ်မာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ လိုတယ်၊

သားလိုအပ်တဲ့ အရာက “ မိမိကိုယ်ကို ယုံကြည်ခြင်း” ပဲ။

ဖေဖေကပြောတယ် -

“ဖေကြီး ဘာဖြစ်လို့ သားတို့  ခုနထမင်းစားတဲ့ဝိုင်းရဲ့ ဘေးဝိုင်းက အသံအကျယ်ကြီးစကားပြောတာလဲဟင်”

“ သူတို့အရမ်းပျော်နေလို့နေမှာပေါ့ သားရယ်”

“ ဒါဆို ဖေဂျီးနဲ့ သားနဲ့ကျတော့ ဘာဖြစ်လို့ တိုးတိုးလေးပြောရတာလဲ”

“ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုပဲ မကြည့်ရဘူး၊ ကိုယ့်ဘေးက လူတစ်ယောက်တိုင်းဆီ အတွက်စဉ်းစားပေးရမယ်၊ ဖေကြီးတို့ သူများကို ဘာလုပ်ပေးပါလို့မတောင်းဆိုရဘူး၊ ကိုယ့်ကိုယ်ကို ဘာမလုပ်ရဘူးပဲ တောင်းဆိုလို့ရမယ်၊

အဲဒါ “ကိုယ့်ကို စည်းကမ်းချခြင်း” လို့ခေါ်တယ်၊

ဖေဖေကပြောတယ် -

“ဖေဂျီး.. လူတစ်ယောက်က ပိုက်ဆံရှိလာလေလေ မောက်မာလို့ရတယ်ဆို.. ဟုတ်လား”

“ဟားဟ.. ဒါတော့ မသေချာဘူး”

“ဒါဆို လူတော်တော်များများ ဘာဖြစ်လို့ ပိုက်ဆံရှိတဲ့သူကို အားကျရတာလဲဟင် ”

“ လူတစ်ယောက်ရဲ့ မောက်မာခြင်း (တစ်နည်း) မြင့်မြတ်ခြင်းက သူပို်က်ဆံဘယ်လောက်ပိုင်ဆိုင်သလဲအပေါ်မမူတည်ဘူး၊ သူ သူများအတွက် ဘယ်လောက်ပေးဆပ်ခဲ့သလဲ၊ ဘယ်လောက်အကျိုးပြုသလဲအပေါ်ပဲ မူတည်တယ်၊ ဥပမာ - စာရေးဆရာတစ်ယောက်၊ သူ့ရဲ့ အရေးအသားက လူတစ်ယောက်ကို အကျိုးပြုသွားတယ်ဆို၊ သူက မြင့်မြတ်သွားတယ်၊ ဥပမာ - သူဌေးတစ်ယောက်၊ သူ့ရဲ့ အလုပ်ကြိုးစားမှုကြောင့် လူအများ အလုပ်ကိုယ်စီရှိသွားတယ်၊ သူတို့မိသားစုစားဝတ်နေရေး ပြေလည်ရတယ်၊ အလုပ်သမားအပေါ် ခေါင်းပုံမဖြတ်ဘူးဆိုရင် သူ မြင့်မြတ်တယ်လို့ပြောလို့ရတာပဲ”

အဲဒါကို လူတစ်ယောက်ရဲ့ “တန်ဖိုး” လို့ခေါ်တယ်၊ အဲဒီလူပိုင်ဆိုင်ထားတဲ့ ပိုက်ဆံကြောင့် သူက “တန်ဖိုး”ရှိနေတာမဟုတ်ဘူး၊

ဖေဖေကပြောတယ် -

“ဖေကြီး.. ပညာရေးက တကယ်ပဲအရေးကြီးတာလား”

“ ဒါပေါ့.. ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”

“ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေကပြောတယ်၊ စာကောင်းကောင်းကြိုးစား၊ တက္ကသိုလ်ကျောင်းကောင်းတစ်ခုတက်၊ အလုပ်ကောင်းတစ်ခုဝင်ပြီး ပိုက်ဆံအများကြီးရှာလို့ရတယ်ဆို.. ဒါပေမယ့် ဖေဂျီးပြောတော့ ပိုက်ဆံက လူဘ၀ရဲ့ပန်းတိုင်မဟုတ်ဘူးဆို”

“ ဟားဟ.. ဒါပေါ့.. ပို်က်ဆံက ဘ၀ရဲ့ပန်းတိုင်မှမဟုတ်တာ”

“ဒါဆို စာသင်တာ ဘာအသုံးကျလို့လဲ”

“ စာသင်ခြင်းရဲ့ ရည်ရွယ်ချက်က ဗဟုသုတဆည်းပူးဖို့၊ အသိဥာဏ်မြင့်မားလာစေဖို့၊ စဉ်းစားဆုံးဖြတ်ဥာဏ်တိုးတက်လာစေဖို့၊ ဗဟုသုတ အသိပညာတွေ ဆုပ်ကိုင်ထားနိုင်မှ အချို့ သဘောတရားတွေကို သဘောပေါက်နိုင်မှာ၊ လူတောတိုးတဲ့အခါ ဝေခွဲမရဖြစ်တာမျိုး၊ မဆုံးဖြတ်နိုင်တာမျိုးမဖြစ်တော့ဘူး၊

ဒါကို “ပညာရဲရင့် ပွဲလယ်တင့်” လို့ခေါ်တယ်၊

ဖေဖေကပြောတယ် -

“ ကျောင်းမှာ ဆရာမက ကိုယ့်တိုင်းပြည်ကိုယ် ကိုချစ်တတ်ရမယ်လို့ပြောတယ် ဖေဖေ၊ သားတို့က ဘယ်လိုချစ်ပြရမှာလဲ ”

“ သား ဖေဂျီးတို့ အိမ်ကို ချစ်လား”

“ချစ်တာပေါ့”

“ ဒါဆို အိမ်မှာ အမှိုက်လျှောက်လွှင့်ပစ်လား”

“ဟင့်အင်း”

“ ဖေကြီးတို့လမ်းသွားနေရင်လည်း လက်ထဲကအမှိုက်ကို လမ်းပေါ်မချပစ်ဘဲ၊ အမှိုက်ပုံးထဲသွားပစ်ထည့်ရင် ဒါတိုင်းပြည်ကိုချစ်တာပဲလေ၊ ဖေကြီးတို့ရဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမယ်၊ ပတ်ဝန်းကျင်က ပန်းတို့သစ်ပင်တို့ကအစ ချစ်မြတ်နိုးတတ်ရမယ်၊ လမ်းကူးရင် လူကူးမျဉ်းကြားက ကူးရတယ်၊ တိုင်းပြည်ချစ်တာ ပါးစပ်ကပြောနေရုံနဲ့မရဘူး၊ ကိစ္စအသေးအဖွဲကစပြီး ဂရုစိုက်ပြင်ရမယ်၊

အဲဒါကို “တိုင်းပြည်ချစ်စိတ်” လို့ခေါ်တယ်။

(ဘာသာပြန်)
မူရင်း-crd​ပေးပါသည်



No comments:

Post a Comment

DOWNLODလုပ်​ရန်